ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ် မြဝတီမြို့၏ ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး တက်ရောက်

ကရင်ပြည်နယ် မြဝတီမြို့၏ ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို မြဝတီမြို့ အမှတ်(၄)ရပ်ကွက် သောင်ရင်းခန်းမအနီးဗဟိုမဏ္ဍပ်၌ (၁၃.၄.၂၀၁၉) ရက်နေ့ ညနေ ၅ နာရီတွင် ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တစ်ဖက်အိမ်နီးချင်း ထိုင်းနိုင်ငံမှ တာ့(ခ်)ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဇနီး အပါအဝင် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြဝတီခရိုင် မြဝတီမဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က မြူမှောင်ဝေကင်းသီချင်းဖြင့် ဖျော်ဖြေပြီး ဆက်လက်၍ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် မြဝတီမြို့၏မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်ကျော်ဇေယျ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အိုက်ကျန်ခမ်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ အိမ်နီးချင်းထိုင်းနိုင်ငံမှ တာ့(ခ်)ခရိုင်အုပ်ချုပ် ရေးမှူး ကျလိန်းလစ် စငွန်စတ်၊ သင်္ဃန်း ညီနောင်တပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နိုင်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ မှ အဖွဲ့ဝင် ဦးစိန်သောင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး၊ တာ့(ခ်)ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများ၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသူများ မှတ်တမ်းတင်ဓာတ်ပုံ အမှတ်တရ ရိုက်ကူးပြီး ၁၃၈၀ ပြည့်နှစ် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ရေဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပက်ဖျန်းခဲ့ကြသည်။ ဆက်လက်၍ မြန်မာ-ထိုင်းချစ်ကြည်ရေးနှစ်ဖက်ယိမ်းအဖွဲ့များက အတာသင်္ကြန် နှစ်သစ်ကူး တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေကြပြီး မြဝတီမြို့ အတာသင်္ကြန်ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ ငါးဖွဲ့၊ ဖျော်ဖြေရေးယိမ်းအဖွဲ့ ၂၆ ဖွဲ့တို့က မြန်မာ့ရိုးရာ သင်္ကြန်သီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။

Leave a Reply

Your email address will not be published.