ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ် ၀န်ကြီးချုပ်သစ်များခန့်အပ်ရေး

မတ်လ ၁၀ ရက်နေ့မှာ ဒုသမ္မတတွေရဲ့ အမည်စာရင်းတွေကို လွှတ်တော်မှာ တင်သွင်းပြီး သမ္မတသစ်နေရာ အတွက် မဲပေး ရွေးချယ် ကြမှာ ဖြစ်ပါတယ်။ လွှတ်တော်မှာ သမ္မတ ရာထူးရွေးချယ်တော့မယ် သမ္မတ ရွေးချယ်ပြီးရင် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကိုလည်း ခန့်ထားဖို့ ရှိပါတယ်။ ပြည်နယ် ဝန်ကြီးချုပ် ရာထူးနေရာ အတွက် အမည် စာရင်းတချို့ သတင်းထွက်ပေါ်လာပါတယ်။ အရေးပါတဲ့ နေရာ တချို့ကတော့ ကချင်ပြည်နယ်မှာ ဒေါက်တာ ခက်အောင်၊ ရှမ်းပြည်နယ်မှာ ဒေါက်တာ လင်းထွဋ်၊ ရခိုင်ပြည်နယ်မှာ ဦးညီပု၊ ကရင်ပြည်နယ်မှာ ဒေါ်နန်းခင်ထွေးမြင့်၊ ရန်ကုန်တိုင်းမှာ ဦးဖြိုးမင်းသိန်း၊ ဧရာဝတီတိုင်းမှာ မန်းဂျော်နီ၊ စစ်ကိုင်းတိုင်းမှာ ဒေါက်တာ မြင့်နိုင်တို့ ဖြစ်ပါတယ်။ ဒီအမည် စာရင်း အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အတည်ပြုချက်တော့ မရရှိသေးပါဘူး။

ဒေါ်နန်းခင်ထွေးမြင့်က သူ့ကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ရာထူး အတွက် လျာထားကြောင်း ကြားသိရပေမယ့် မတ်လ ၁၀ ရက်နေ့မှ တရားဝင် ကြေညာချက် ထွက်မယ်လို့ ပြောပါတယ်။ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ဖို့ အလားအလာ အများဆုံး ဖြစ်နေတဲ့ ဒေါ်နန်းခင်ထွေးမြင့်ကို ဘီဘီစီက ဆက်သွယ်ပြီး သူ့ရဲ့ နိုင်ငံရေး အစဉ်အလာကို မေးမြန်းထားပါတယ်။ ဒေါ်နန်းခင်ထွေးမြင့်ဟာ ဖဆပလခေတ် ကရင်ပြည်နယ် ဝန်ကြီးဟောင်း ဒေါက်တာ စောလှထွန်းရဲ့ သမီး ဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား အခွင့်အရေးနဲ့ ဖက်ဒရယ် သဘောတရား ဆိုတာဟာ ဒေါ်နန်းခင်ထွေးမြင့် အတွက် ငယ်စဉ်ကတည်းက ကြားနေကျ အကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။ စီးပွားရေး တက္ကသိုလ် ကျောင်းသူ ဘဝမှာ ဒေါ်နန်းခင်ထွေးမြင့်ဟာ ဦးသန့်အရေးအခင်း၊ အလုပ်သမား အရေးအခင်းတွေမှာ တက်ကြွလှုပ်ရှားသူ ကျောင်းသား အဖြစ် ပါဝင်ခဲ့ပြီး အစိုးရက ထောင်ဒဏ် ၆ နှစ်ပြစ်ဒဏ် ချမှတ်တာ ခံခဲ့ရပါတယ်။

ထောင်ထဲမှာ ၃ နှစ်ပဲနေခဲ့ပြီး ပြန်လွတ်လာတဲ့နောက် ပြည်တွင်းအခွန်ရုံးမှာ ဝင်ရောက် အမှုထမ်းခဲ့ပါတယ်။ ၁၉၈၈ အရေးအခင်းကြီး ပေါ်ပေါက်လာတဲ့ အခါ အများပြည်သူနဲ့ အတူ ဆန္ဒပြလှုပ်ရှားခဲ့တဲ့ အတွက် ဖမ်းဆီး ချုပ်နှောင်ခံရပြီး အလုပ်ပြုတ်ခဲ့ ပါတယ်။ အဲဒီနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပါဝင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် အဖြစ်အရွေးခံခဲ့ရပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲ မရောက်ခဲ့ဘဲ တခြား အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေနဲ့ အလားတူ နိုင်ငံရေး လောကဓံ အမျိုးမျိုးကို ခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ ဗဟိုကော်မတီ အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ပြီး ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် အဖြစ် ပါတီဥက္ကဋ္ဌက ရွေးချယ် တင်မြှောက် ခဲ့ပါတယ်။

Leave a Reply

Your email address will not be published.