ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌ၏ အမှာစာ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်သည့်  ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးမှ   ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် တစ်မြို့နယ်လျှင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂) ဦးစီဖြင့် မြို့နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် (၁၄) ဦး၊ တိုင်းရင်းသားရေးရာကိုယ်စားပြု ကိုယ်စားလှယ် (၃) ဦး (ဗမာ၊ မွန်၊ ပအိုဝ်း) နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းပေးပို့ခဲ့သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၆) ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၂၃) ဦးဖြင့် (၇.၂.၂၀၁၆)ရက်နေ့မှစ၍ လွှတ်တော်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

လွှတ်တော်လုပ်ငန်းတာဝန်များဖြစ်သော ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးဆိုင်ရာအဖွဲ့အစည်းများ ဆောင်ရွက်ချက်များကို အပြန်အလှန် ထိန်းညှိခြင်းနှင့် ပြည်သူလူထုကို ကိုယ်စားပြုလုပ်ငန်းများပီပြင်စွာ ဆောင်ရွက်နိုင်ရန အတွက် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်  လျက်ရှိပါသည်။ လွှတ်တော်အနေဖြင့် “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” ဟု ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး နောက်ဆက်လက်ဖြစ်ထွန်း ပေါ်ပေါက်မည့် လွှတ်တော်များအတွက်လည်း အမွေခံကောင်းများ ပေးနိုင်ရန် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် မဟာဗျူဟာ စီမံကိန်းအား ရေးဆွဲရခြင်း ဖြစ်ပါသည်။ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာစီမံကိန်းရေးဆွဲကာ ဒုတိယအကြိမ် တင်ပြရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက် မိပါသည်။ ကရင်ပြည်နယ်လွှတ်တော်၏ မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် အဓိကစံနှုန်းတို့ကို သေချာဆန်းစစ်လေ့လာရေးဆွဲပြီး ရရှိထားပြီးသော အောင်မြင်မှုများကို ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် နောင်လာမည့် လွှတ်တော်များ တွင်လည်း ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်များ ဖြင့် ရေးဆွဲရခြင်းဖြစ်ပါသည်။

ကရင်ပြည်နယ်လွှတ်တော်ကို ပြည်သူလူထု၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းတုံ့ပြန် ဆောင်ရွက်ပေးနိုင်သော ပိုမိုအားကောင်းထိရောက်သည့် လွှတ်တော်အဖြစ် တည်ဆောက်ရန် အဓိကရည်ရွယ်ပါသည်။ ထိုရည်ရွယ်ချက်ပန်းတိုင် ကို ရောက်ရှိစေရန်အတွက် ကရင်ပြည်နယ် လွှတ်တော်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရေးရာကော်မတီများမှ ၎င်းတို့ကိုအပ်နှံထားသော တာဝန်နှင့် ဝတ္တရားများကို ပီပြင်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သကဲ့သို့ လွှတ်တော်ရုံးဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု၊ စွမ်းရည်နှင့်ဝန်ဆောင်မှုများ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခြင်းကလည်း အထူးအရေးကြီးပါသည်။

သို့မှသာ ပြည်သူများက လွှတ်တော်ကို ယုံကြည်အားထားမှု ခိုင်မာလာကာ ဒီမိုကရေစီ အသီးအပွင့်ကို အပြည့်အဝ ခံစားရရှိနိုင်မည်ဖြစ်ပါသည်။ မဟာဗျူဟာစီမံကိန်းသည် အနာဂတ် မျှော်မှန်းချက် အောင်မြင်ရေးအတွက် တိကျသေချာသော ပန်းတိုင်များ၊ ဦးတည်ချက်များနှင့် စီမံကိန်းလုပ်ငန်းဖြင့်     ချိတ်ဆက်လုပ်ဆောင်နိုင်မည့်ယန္တရားကို    ဖော်ဆောင်ပေးပါသည်။

ဤစီမံကိန်းသည် ကရင်ပြည်နယ်လွှတ်တော်၏ ဘဏ္ဍာရေးအတိုင်းအတာနှင့် လူ့အရင်း အမြစ်များ မှန်ကန်စွာ သုံးစွဲနိုင်ရေး၊ ကြုံတွေ့လာနိုင်သည့် အခက်အခဲများအား ကြိုတင်လေ့လာ သုံးသပ်ခြင်း၊ ရလဒ်များကို စောင့်ကြည့်အကဲဖြတ်ခြင်း လုပ်ငန်းများအတွက် ရည်ရွယ်ထားပါ သည်။ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ တူညီသော ရည်မှန်းချက်ဖြစ်သည့် ကရင်ပြည်နယ်လွှတ်တော်အား ပိုမိုတိုးတက် အားကောင်း လာစေရန်နှင့် ပြည်သူလူထု၏  ယုံကြည်မှုကို တည်ဆောက်ရန်အတွက်  အခြေခံအဆောက်အအုံအသစ်များ တည်ဆောက်ခြင်း၊ ပြည်သူလူထုဘက်မှ ကိုယ်စားပြု ရပ်တည်ပေးခြင်း၊ ဘဏ္ဍာရန်ပုံငွေ           အလေအလွင့်များမရှိစေရန် စိစစ်သုံးသပ်ခြင်း၊ ထိန်းညှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိစေရန် ပြည်သူ နှင့်မပြတ် ထိတွေ့ကာ ညှိနှိုင်းဆွေးနွေးခြင်း၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေး ချပြခြင်းဖြင့် ပြည်သူအများ ပူးပေါင်းပါဝင်လာသည်အထိ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

လွှတ်တော်သည် နိုင်ငံကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ်ဖြစ်ရာ အစိုးရ ဝန်ကြီးဌာနများ ကဲ့သို့သော အဓိကအရေးပါသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။ ပြည်သူကို ကိုယ်စားပြုကြသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော် ရုံးဝန်ထမ်းများကလည်း ကရင်ပြည်နယ် လွှတ်တော်၏ ရည်မှန်းချက်များ၊ မျှော်မှန်းချက်များကို အလေးထားဆောင်ရွက်ကြရန် အရေးကြီး ပါသည်။ ဤစီမံကိန်းသည် ကရင်ပြည်နယ်လွှတ်တော်၏ ဦးစားပေးလုပ်ငန်းများအား အကောင်း ဆုံးနှင့် ထိရောက်သော အကူအညီပေးမှု  မူဘောင်များကို သိရှိစေပြီး အကောင်းဆုံးရလဒ်များကို ရရှိစေရန် လမ်းညွှန်မှုများပေးပါသည်။ အနာဂတ်ကာလတွင် လွှတ်တော်ရုံးများ အပြန်အလှန် လေ့လာခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း၊ ဥပဒေအတွေ့အကြုံသစ်များ ဆွေးနွေးဖလှယ်ခြင်းဖြင့် စံပြ လွှတ်တော်ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ကရင်ပြည်နယ်လွှတ်တော်ကို ပိုမိုအားကောင်းထိရောက်သည့် လွှတ်တော် တစ်ရပ် ဖြစ်စေရန်အတွက် မဟာဗျူဟာစီမံကိန်းကို ရေးဆွဲခဲ့ကြသော ကရင်ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ပါလီမန်များမှ အတွေ့အကြုံများကို ချပြရှင်းလင်းဆွေးနွေးပေးပါသော ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)မှ တာဝန်ရှိသူများအားလုံးကို အသိအမှတ်ပြု  ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

(စောချစ်ခင်)

ဥက္ကဋ္ဌ

ကရင်ပြည်နယ်လွှတ်တော်