မေးမြန်းသူ – ဦးအိုက်ကျန်ခမ်း၊ မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)
မေးခွန်း – မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအတွင်းရှိ ဝှေ့ရှမ်း – မဲပလဲ့ – ရွှေကုက္ကိုလ် ဆက်သွယ်ထားသော လမ်းဆုံမှာ မကြာခဏယာဉ်တိုက်မှု ဖြစ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ယာဉ်တိုက်မှုမကြာခဏဖြစ်ပွားနေသော လမ်းဆုံမှာ မီးပွိုင့်အဖြစ် တပ်ဆင်တည်ဆောက်ပေးနိုင်ခြင်း အစီအစဉ် ရှိ / မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်တည်ဆောက်ပေးနိုင်မည်ကို သိရှိလိုပါ သဖြင့် ပြည်သူများကိုယ်စား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းရခြင်း ဖြစ်ပါသည်။
ဖြေကြားသူ – ဦးသန်းနိုင်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး
အဖြေ – အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ကျေးရွာရှိ အာရှလမ်းမကြီးနှင့် ဝှေ့ရှမ်း – မဲပလဲ့ – ရွှေကုက္ကိုလ်သို့ ဆက်သွယ်ထား သော လမ်း(၃)ခုဆုံသောနေရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အချက်ပြမီးပွိုင့်(၃)ခုနှင့် ယာဉ်ထိန်းအဆောက်အဦတစ်လုံး ဆောက်လုပ်ရန် လိုအပ်ချက်အား ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာရေးနှစ် အဆိုပြုစီမံကိန်းစာရင်းတွင် ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

